အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ် (World Bank) အပါအဝင် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းကြီးများ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ လာအိုနိုင်ငံ၏ ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်း (GDP Growth) သည် ယခင်နှစ်များထက် ပြန်လည်နှေးကွေးသွားနိုင်ပြီး ကုန်စျေးနှုန်းဖိအားများ (Inflation) ပြန်လည်မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ လာအိုနိုင်ငံ၏ ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၈ ရာခိုင်နှုန်း (ADB က ၄.၀ ရာခိုင်နှုန်းဟု ခန့်မှန်း) သို့ ကျဆင်းသွားနိုင်ပြီး၊ ၂၀၂၅ ခုနှစ်တွင် ၇.၇ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ခဲ့သော ငွေဖောင်းပွမှုနှုန်းမှာ ၂၀၂၆ ခုနှစ်တွင် ၉.၈ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့လောင်စာဆီစျေးနှုန်း ရုတ်တရက် ခုန်တက်သွားခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားလာခြင်းနှင့် သွင်းကုန်အပေါ် မှီခိုနေရသည့် စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ပြည်တွင်း၌ လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းနှင့် လုပ်ခလစာတိုးမြှင့်ခြင်းတို့ကလည်း ကုန်စျေးနှုန်းအပေါ် ထပ်မံတွန်းအားပေးလျက်ရှိသည်။လာအိုနိုင်ငံသည် ခရီးသွားလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတို့ကြောင့် နိုင်ငံခြားသုံးငွေအရန်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံအထိ စံချိန်တင် တိုးတက်ရရှိထားသော်လည်း၊ တစ်ဖက်တွင် ဂျီဒီပီ၏ ၈၂ ရာခိုင်နှုန်းခန့်ရှိနေသည့် နိုင်ငံတော်ကြွေးမြီ (Public Debt) ကာမိစေရန် ပေးဆပ်ရမည့်ပမာဏ ကြီးမားနေခြင်းကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးကဏ္ဍများတွင် အစိုးရ၏ အသုံးစရိတ်စွမ်းရည်ကို များစွာကန့်သတ်ထားဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ထိခိုက်လွယ်သော အခြေခံလူတန်းစားများကို ကာကွယ်ရန် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက တိုက်တွန်းထားသည် ။


