တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့ရှိ အချို့သောဒေသများတွင် နယ်မြေလုံခြုံရေးနှင့် အခြေအနေများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ၎င်းဒေသများအပေါ် ချမှတ်ထားသည့် အမြင့်ဆုံးခရီးသွားသတိပေးချက်အဆင့် Level 4 (ခရီးမသွားရန် ပိတ်ပင်ချက်) ကို ရုပ်သိမ်း၍ Level 3 (ပြန်လည်စဉ်းစားရန်/ထွက်ခွာရန် တိုက်တွန်းချက်) သို့ လျှော့ချသတ်မှတ်လိုက်ကြောင်း သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ယမန်နှစ် အောက်တိုဘာလကတည်းက ပိတ်ပင်ထားခဲ့သော ကန်ပေါ့တ်စီရင်စုရှိ ဘိုကောတောင် (Bokor Mountain) ဒေသ၊ ဘာဗက် (Bavet) မြို့နှင့် ပွီပက် (Poipet) မြို့များပါဝင်ပြီး၊ အဆိုပါဒေသများတွင် ကိုရီးယားနိုင်ငံသားများအပေါ် ပစ်မှတ်ထားသည့် ငွေလိမ်ဂိုဏ်းများနှင့် ပြန်ပေးဆွဲမှုဆိုင်ရာ ပြစ်မှုတိုင်ကြားချက်များသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်ထက် ၉၄ ရာခိုင်နှုန်းအထိ သိသာစွာကျဆင်းသွားခြင်းကြောင့် ဖြစ်သည်။ ထို့အတူ အမေရိကန်နှင့် စစ်ရေးတင်းမာမှုကြောင့် ပိတ်ပင်ထားခဲ့သည့် ဗင်နီဇွဲလားနိုင်ငံ၏ ဇူလီယာ (Zulia)၊ တာချီရာ (Tachira)၊ အာပူရေး (Apure) နှင့် ဆူးခရီး (Sucre) ပြည်နယ်များကိုလည်း လုံခြုံရေးတိုးတက်လာသဖြင့် သတိပေးချက်အဆင့် လျှော့ချပေးခဲ့သည်။ သို့သော်လည်း အခြေအနေမတည်ငြိမ်သေးသည့် မြန်မာနိုင်ငံအချို့ဒေသများ အပါအဝင် ဖိလစ်ပိုင်၊ ရုရှား၊ ဘီလာရုဇ်၊ ဆီးရီးယားနှင့် ဂါဇာကမ်းမြောင်ဒေသရှိ နယ်မြေ ၁၂ ခုနှင့် ယူကရိန်း၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ် စသည့် ၁၀ နိုင်ငံအပေါ် ချမှတ်ထားသော ခရီးသွားလာခွင့် ပိတ်ပင်ချက်ကိုမူ လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုး မြှင့်တင်ထားဆဲဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ သွားရောက်ပါက နိုင်ငံကူးလက်မှတ်ဥပဒေအရ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားက ကမ္ဘောဒီးယားနှင့် ဗင်နီဇွဲလားနိုင်ငံအချို့ဒေသများအပေါ် ချမှတ်ထားသည့် ခရီးသွားလာခွင့်ပိတ်ပင်ချက်ကို ပြန်လည်ရုပ်သိမ်း
Jul 12 • 6:52 AM
South Korea
Local News
Share
| 9 | 0 | 0 | 0 |


