ယူအေအီးနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များ၏ လက်မှတ်ခများသည် ဇူလိုင်လဆန်းပိုင်း (ဇူလိုင် ၂ ရက်မှ ၇ ရက်အထိ) တွင် ခရီးသည်အဝယ်လိုက်သဖြင့် အမြင့်ဆုံးအဆင့် (ဒီရဟမ် ၂,၅၀၀ မှ ၃,၀၀၀ ဝန်းကျင်) သို့ ခုန်တက်ခဲ့သော်လည်း၊ ဇူလိုင်လ ၈ ရက်နေ့နောက်ပိုင်းတွင် ပုံမှန်မဟုတ်ဘဲ သိသိသာသာ စျေးနှုန်းပြန်လည်ကျဆင်းလာကြောင်း ခရီးသွားအေဂျင်စီများက ပြောကြားသည်။
အထူးသဖြင့် မွမ်ဘိုင်း (ဒီရဟမ် ၁,၁၆၁)၊ ဘန်ဂလိုရိုး (ဒီရဟမ် ၁,၆၀၄) နှင့် ထရီဗန်ဒရမ် (ဒီရဟမ် ၁,၅၆၅) ကဲ့သို့သော အိန္ဒိယမြို့ကြီးများသို့ သွားမည့် လေယာဉ်လက်မှတ်ခများ စျေးကျလာခြင်းဖြစ်သည်။ ယခင်နှစ်များက ဇူလိုင်နှင့် သြဂုတ် နွေရာသီကျောင်းပိတ်ရက်များတွင် လေယာဉ်လက်မှတ်ခများမှာ ဒီရဟမ် ၂,၈၀၀ မှ ၃,၀၀၀ အထိ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် လေကြောင်းလိုင်းများက ခရီးစဉ်နှင့် ထိုင်ခုံအရေအတွက် ပိုမိုတိုးမြှင့်ပေးနိုင်ခြင်း၊ ကီရာလာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ခရီးသွားအချို့က အစီအစဉ်ရွှေ့ဆိုင်းခြင်းနှင့် အိန္ဒိယနိုင်ငံသားအချို့က နွေရာသီတွင် အခြားအပန်းဖြေနိုင်ငံများသို့ ပြောင်းလဲလည်ပတ်ခြင်းတို့ကြောင့် ယခုကဲ့သို့ လက်မှတ်ခများ ပြန်လည်သက်သာလာခြင်းဖြစ်ကြောင်း သိရသည်။


