ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်စီးခြင်းနှင့် မြေပြိုနိုင်ခြေများရှိသဖြင့် ကုန်တင်ယာဉ်ကြီးများ သွားလာမှုကို ကန့်သတ်ထားရာမှ ဓာတ်ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။ ထိုသို့ ဆီတင်သွင်းမှု လျော့နည်းလာခြင်းကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ကာ ဓာတ်ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တစ်လီတာလျှင် ကျပ် ၈,၀၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်နေကာ ဆီဆိုင်အချို့မှာလည်း ယာယီပိတ်ထားရသည်။ ဖွင့်လှစ်ထားသည့် ဆီဆိုင်အချို့တွင်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရပြီးလမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆက်လက်ဆိုးရွားပါက သယ်ယူပို့ဆောင်ရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။



