ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် တောင်ပေါ်ကျေးရွာများတွင် ထုတ်လုပ်သည့် မိုးရာသီခူး ခါးကန်လက်ဖက်စိုဈေးနှုန်းမှာ တစ်ပိဿာလျှင် အမြင့်ဆုံး ၅,၆၀၀ ကျပ်အထိ ရရှိနေပြီး ယခင်နှစ် ၃,၀၀၀ ကျပ်ကျော် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၂ ဆနီးပါးအထိ ဈေးနှုန်းမြင့်တက်လာကြောင်း လက်ဖက်လုပ်ကိုင်သူများထံမှ သိရသည်။ လက်ရှိတွင် ပန်ကွမ်၊ ပန်သပြေ၊ ပန်ဖျက်၊ ဟူးကွက် စသည့် တောင်ပေါ်ကျေးရွာများမှ ထွက်ရှိသည့် လက်ဖက်စိုများကို ကျောက်မဲမြို့ပေါ်ရှိ လက်ဖက်ရုံများသို့ သွားရောက်သွင်းကြရခြင်းဖြစ်ကာ၊ ယခင်နှစ်က လက်ဖက်စိုပိဿာတစ်ရာလျှင် ဆန် ၂ အိတ်ကျော်ခန့်သာ လဲလှယ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဆန် ၃ အိတ်မှ ၄ အိတ်ခန့်အထိ ပြန်လည်ဝယ်ယူနိုင်၍ တွက်ခြေကိုက်မှု ရှိလာကြောင်း သိရသည်။


