၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းကို လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်နှင့် ရန်ကုန်) တွင် ထုတ်ပေးသွားမည်ဖြစ်သည်။ အမှတ်စာရင်း ထုတ်ယူလိုသူများသည် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ https://osp.dme.gov.mm ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်ပြီး၊ ရက်ချိန်းရရှိမှသာ စနစ်မှထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ်ကို ပြသကာ ထုတ်ယူရမည်ဖြစ်သည်။ လူကိုယ်တိုင် လာရောက်ထုတ်ယူရာတွင် ရက်ချိန်းယူစဉ်က ဖြည့်သွင်းခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင်မူရင်းကို ယူဆောင်လာရမည်ဖြစ်ပြီး ဖြည့်သွင်းချက်နှင့် လာရောက်သူအချက်အလက် ကွဲလွဲပါက ထုတ်ပေးမည်မဟုတ်ကြောင်း စာစစ်ဦးစီးဌာနက အသိပေးထားသည်။ လတ်တလောတွင် စာမေးပွဲအောင်မြင်သူများကိုသာ အမှတ်စာရင်း ထုတ်ပေးဦးမည်ဖြစ်ပြီး နယ်ဒေသများမှ လျှောက်ထားသူများအတွက် စာတိုက်မှတစ်ဆင့် ပေးပို့မည့်အစီအစဉ်ကိုလည်း မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူစုစုပေါင်း ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂.၃၇ ရှိခဲ့ကြောင်း သိရသည်။



