ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိပ်တန်းပုဂ္ဂလိကဆေးရုံ အနည်းဆုံး ၆ ရုံနှင့် ပူးပေါင်းကာ တရုတ်မွေးကင်းစကလေးငယ်များကို ထိုင်းနိုင်ငံသားအဖြစ် တရားမဝင် လိမ်လည်လျှောက်ထားပေးနေသည့် နိုင်ငံတကာရာဇဝတ်ဂိုဏ်းတစ်ခုကို ထိုင်းအာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။ "999 Campaign" ဟု အမည်ပေးထားသည့် အဆိုပါဂိုဏ်းသည် တရုတ်မိဘများထံမှ ကလေးတစ်ဦးလျှင် ဘတ် ၁ သိန်းအောက်ဖြင့် ထိုင်းနိုင်ငံသားရရှိရေး ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအစောပိုင်း ဖော်ထုတ်ရရှိထားသည့် ကလေး ၁၆၄ ဦးအတွက်ပင် ထိုင်းအစိုးရအနေဖြင့် တစ်သက်တာလူမှုဖူလုံရေးစရိတ် ဘတ် ၄.၈ ဘီလီယံနီးပါး ဆုံးရှုံးရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။အဆိုပါဂိုဏ်း၏ လုပ်ဆောင်ပုံမှာ တရုတ်ကိုယ်ဝန်ဆောင်မိခင်များ ထိုင်းရှိ ပုဂ္ဂလိကဆေးရုံများတွင် လာရောက်ကလေးမွေးဖွားချိန်၌ အခကြေးငွေယူထားသည့် ထိုင်းအမျိုးသားများက ကလေး၏ဖခင်အရင်းဖြစ်ကြောင်း စာရွက်စာတမ်းများတွင် လိမ်လည်လက်မှတ်ရေးထိုးပေးခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သံသယရှိဖွယ်စာရင်းများကို DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ မျိုးရိုးဗီဇတူညီမှုမရှိသည်ကို တွေ့ရှိရသဖြင့် ဤလိမ်လည်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ရဲတပ်ဖွဲ့က ဆေးရုံတာဝန်ရှိသူများနှင့် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးနေသည်။ယခုကဲ့သို့ တရားမဝင် နိုင်ငံသားလျှောက်ထားပေးမှုသည် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးရုံသာမက နိုင်ငံခြားသားရာဇဝတ်ဂိုဏ်းများက ကလေးများ၏ ထိုင်းနိုင်ငံသားအထောက်အထားကို အသုံးပြုကာ နာမည်လွှဲကုမ္ပဏီထောင်ခြင်း၊ ငွေကြေးခဝါချခြင်းနှင့် ဥပဒေများကို ကျော်လွှားခြင်းများ ပြုလုပ်နိုင်သဖြင့် နိုင်ငံတော်လုံခြုံရေးကိုပါ ခြိမ်းခြောက်နေကြောင်း အာဏာပိုင်များက သတိပေးထားသည်။ ထိုင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (PACC) ကလည်း ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံးကို အဂတိလိုက်စားမှုနှင့် နိုင်ငံတော်လုံခြုံရေးဥပဒေများဖြင့် ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ကြေညာထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်၌ တရုတ်ကလေးငယ်များအား ထိုင်းနိုင်ငံသားအဖြစ် တရားမဝင် လိမ်လည်လျှောက်ထားပေးသည့် ဘတ်ဘီလီယံချီ ရာဇဝတ်ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီး
Jul 12 • 1:55 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


