ဆရာဝန်ကိုယ်တိုင်က လူနာများကို သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့၌ အထိတ်တလန့် ဖြစ်ခဲ့ရသောအမှုကို တရားရုံးကြားနာမှု (၅၇) ကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် ဒေါက်တာသေမင်းခေါ် အထွေထွေကုဆရာဝန် ဂျိုဟန်နက်စ်အမ်ကို တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ပြီဖြစ်သည်။လူနာ ၄ ဦးသေဆုံးမှုအတွက် မသင်္ကာသဖြင့် ရဲတပ်ဖွဲ့က ဂျိုဟန်နက်စ်အမ်ကို စတင်ဖမ်းဆီးခဲ့ပြီးနောက် လူနာများကို အသက်ရှူကျပ် သေစေသည့် ဆေးများသွင်းပြီး သတ်ခဲ့သည်မှာ ၃ နှစ်တာကာလအတွင်း ၁၅ ဦးအထိရှိကြောင်း ထပ်ပေါ်လာခြင်းဖြစ်သည်။ ယင်းဒေါက်တာသေမင်း၏ ဆရာဝန်ဘ၀၌ ကုသသည့်လူနာများထဲ သေဆုံးနာပေါင်းမှာလည်း စံချိန်တင် ၃၉၅ ယောက်ရှိခဲ့သဖြင့် အမှန်တကယ် သတ်ဖြတ်ခဲ့သည်မှာ အယောက် ၉၀ အထိ ရှိနိုင်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားကြောင်းလည်း သိရသည်။အသက် ၄၁ နှစ်ရှိပြီ ဖြစ်သော ဒေါက်တာသေမင်း သတ်ခဲ့သည့် လူနာ ၁၅ ဦးမှာ နာလန်ပြန်မထနိုင်သော ရောဂါဝေဒနာရှင်များဖြစ်ပြီး အသက် ၂၅ နှစ်မှ ၉၄ နှစ်ကြား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၃ ဦးတို့ ဖြစ်သည်။ တရားရုံးကြားနာစစ်ဆေးမှု ၅၇ ရက်မြောက်ရောက်မှ ရှေ့နေနှင့် ရဲများရရှိခဲ့သည့် သက်သေများကြောင့်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ဖြူစင်စေချင်သည့် ဆန္ဒကြောင့်သာ ၁၂ ဦးကို သတ်ခဲ့သည်ဟု ဒေါက်တာသေမင်းက ဝန်ခံသွားခဲ့ခြင်း ဖြစ်သည်။ထိုသို့ ဝန်ခံထွက်ဆိုပြီးနောက် ဒေါက်တာသေမင်းက ခံစားခဲ့ရသော မိသားစုဝင်များကို တောင်းပန်ကြောင်း၊ သူ့လုပ်ရပ်မှာ ဝေဒနာခံစားနေရမှုများကို ရပ်တန့်ချုပ်ငြိမ်းစေရန်အတွက် ရည်စူးခဲ့ကြောင်း၊ တာဝန်ခံမှု ရှိသည့်အတွက် ဝန်ခံခြင်းသာဖြစ်သည်ဟု တရားရုံးတွင် ဝန်ခံသွားခဲ့သည်။
သေဆုံးလူနာရှင်များ၏ ဆွေမျိုးသားချင်းများက ၎င်းတို့ ချစ်ရသူများသည် ဆရာဝန်၏ သတ်ဖြတ်ခြင်း ခံရသော်လည်း သေလိုသည့်ဆန္ဒ လုံး၀မရှိကြဘဲ အသက်ဆက်ရှင်သန်လိုသူများ ဖြစ်ကြသည်ဟု ရုံးတော်တွင် ထွက်ဆိုကြသည်။ ဂျာမနီတွင် ဒေါက်တာဂျိုဟန်နက်စ်အမ်ကို ဒေါက်တာသေခင်းဟု ခေါ်ဆိုလာကြခြင်းမှာ ၁၉၇၁ မှ ၁၉၉၈ ခုနှစ်အတွင်း လူနာပေါင်း ၂၅၀ ကျော်သေဆုံးမှုမှတ်တမ်းအတွင်း ၄၉ နှစ်မှ ၈၁ နှစ်အရွယ်ကြား အမျိုးသမီးလူနာ ၁၂ ယောက်ကို သတ်ခဲ့သောကြောင့် ဒေါက်တာသေမင်းဟု စတင်နာမည်ကြီးခဲ့သည့် ဂရိတ်တားမန်ချက်စတာမှ အထွေထွေကုဆရာဝန် ဟာရိုးရှစ်မန်းလုပ်ရပ်နှင့် ဆင်တူသောကြောင့်ဖြစ်သည်။ ဒေါက်တာ ဟာရိုးရှစ်မန်းသည် လူများ၏ သေဆုံးခြင်းအား ဘုရားကဲ့သို့ အဆုံးအဖြတ် ပေးနိုင်သော အခွင့်အာဏာရှိသူဟု ကိုယ့်ကိုယ်ကိုယ် ထင်မြင်ခဲ့ဖွယ်ရှိသလို ယခု ဂျာမန်ဒေါက်တာသေမင်းသည်လည်း ထိုစိတ်ထားမျိုးထားရှိသူ ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ ဒေါက်တာဟာရိုးရှစ်မန်းမှာမူ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလက ၅၇ နှစ်အရွယ်မှာပင် ထောင်ထဲ ကြိုးဆွဲချ သတ်သေသွားခဲ့သည်။



