မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၅ လုံးခန့် အမိုးလန် ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ဇူလိုင်လ ၁၀ ရက်နေ့ ည ၆နာရီ ၄၀ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်တွင်သစ်ကိုင်းများ ကျိုးခြင်း၊ သစ်ပင်များ လဲခြင်း၊ နေအိမ် ၃၃ အိမ်ခန့် အမိုးလန်ပျက်စီးခြင်း၊ အ.လ.က(အောင်ဇေယျ)စာသင်ကျောင်း၊ စာကြည့်တိုက်အတွင်းရှိ ဆရာ/မများ နားနေခန်းသွပ် ၁၀ချပ် အမိုးလန် ပျက်စီးခဲ့သည်။အောင်ကုသိုလ်ရပ်ကွက်တွင် နေအိမ် နှစ်လုံးခန့် အမိုးလန်ပျက်စီးခဲ့ပြီး ကျိုက်ရာမညဇိနထိုင်တော် မူဘုရားကြီး၏ အမြင့်ပေ ၁၀၀ အလျား/အနံ ပေ ၂၀၀ ပတ်လည်ရှိ ကွန်ကူရစ်တိုင် ၆၀ ခန့် ၁၂ ပေသွပ် အချပ် ၂,၀၀၀ ခန့် တပ်ဆင်ထား ရှိသည့် အမိုးပြိုကျပျက်စီးခဲ့သည်။သံဖြူဇရပ်မြို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိသော်လည်း အောင်ဇေယျရပ်ကွက်၊ မြို့နယ်မြေစာရင်း ရုံးရှေ့ရှိ ကုက္ကိုလ်ပင်လဲကျခဲ့၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



