ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းရေများ ထိုးတက်လာခြင်းကြောင့် ကျေးရွာ ၅ ရွာခန့်တွင် လူနေအိမ်ခြေများနှင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။လက်ရှိတွင် ပလက်ဝမြို့နယ်ရှိ မောင်ရွာ၊ အထက်ဗုဒ္ဓဂါမ၊ အောက်ဗုဒ္ဓဂါမ၊ အလယ်ဒိန်ကင်းနှင့် နန်းမနူးကျေးရွာတို့၌ ရေဘေးဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ အထူးသဖြင့် အလယ်ဒိန်ကင်းအုပ်စု၊ ဗုဒ္ဓဂါမကျေးရွာတွင် လူနေအိမ် ၄ လုံး ရေမျောပျက်စီးသွားခဲ့ပြီး၊ အိမ်ခြေ ၁၅ အိမ်ခန့်မှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ယာယီရွှေ့ပြောင်းခိုလှုံနေကြရသည်။ရေဘေးသင့်ဒေသခံများသည် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသဖြင့် သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည့်အပြင်၊ ယာယီတဲများ ဆောက်လုပ်ရန်အတွက် မိုးကာလုံလောက်မှုမရှိဘဲ အရေးပေါ် လိုအပ်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးထားသည့် လယ်စပါးခင်းများနှင့် တောင်ယာတဲများလည်း ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့ရသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိသဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ဒေသအချို့၌ ရုတ်တရက် လျှပ်တစ်ပြတ်ရေကြီးခြင်း၊ ချောင်းရေလျှံခြင်းနှင့် တောင်ပြိုမြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြုကြရန် နှိုးဆော်ထားကြောင်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ချောင်းရေလျှံမှုကြောင့် နေအိမ်များနှင့် စပါးခင်းများ ပျက်စီး
Jul 10 • 3:37 AM
Myanmar
Chin
Share
| 17 | 0 | 0 | 0 |


