လာမည့် ဩဂုတ်လ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Fashion Island Terminal 21 ၌ ကျင်းပပြုလုပ်မည့် (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာအမျိုးသားနှင့် အမျိုးသမီး ပိုက်ကျော်ခြင်းလက်ရွေးစင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား စုစုပေါင်း (၆) မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားအသင်းက (၄) မျိုး၊ မြန်မာအမျိုးသမီးအသင်းက (၃) မျိုး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားများအနေဖြင့် မြန်မာအမျိုးသားအသင်းက အသင်းလိုက် (Regu)၊ သုံးယောက်တွဲ၊ နှစ်ယောက်တွဲနှင့် ကွင်းသွင်းခြင်းခတ် (Hoop) ပြိုင်ပွဲတို့တွင်လည်းကောင်း၊ မြန်မာအမျိုးသမီးအသင်းက လေးယောက်တွဲ၊ နှစ်ယောက်တွဲနှင့် ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတို့တွင်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ထိုင်းဘုရင့်ဖလားပြိုင်ပွဲသို့ နှစ်စဉ်မပျက် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး၊ ယခုပြိုင်ပွဲသည် လာမည့် အာရှအားကစားပြိုင်ပွဲ (Asian Games) အတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အနေဖြင့် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။


