နေပြည်တော်ရှိ စပါးစိုက်တောင်သူများအနေဖြင့် ယခုနှစ် စပါးစိုက်ရာသီတွင် စက်သုံးဆီဈေးနှုန်း အပါအဝင် ဘက်စုံကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စိုက်ပျိုးထွန်ယက်စရိတ်များ ယခင်နှစ်ကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၂ သိန်းခွဲမှ ၃ သိန်းဝန်းကျင်သာ ကုန်ကျခဲ့သော်လည်း၊ ယခုနှစ်တွင်မူ တစ်ဧကလျှင် ကျပ် ၅ သိန်းမှ ၆ သိန်းအထိ မြင့်တက်သွားကြောင်း ပျဉ်းမနားမြို့နယ် လဲ့လုအိုင်ရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။အထူးသဖြင့် လယ်ယာမြေထွန်ယက်ခ ဈေးနှုန်းများမှာ ယခင်နှစ်က တစ်ဧကလျှင် ကျပ် ၅ သောင်းသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၁ သိန်းမှ ၁ သိန်း ၂ သောင်းအထိ ရှိလာသည်။ တောင်သူများအနေဖြင့် လုပ်ငန်းမြန်ဆန်ပြီး ထယ်ရေးညက်သည့် လယ်ထွန်စက်များကိုသာ အဓိက အားထားသုံးစွဲလာကြပြီး၊ ယခင်ကဲ့သို့ နွားများဖြင့် ထွန်ယက်ခြင်းမှာ အချိန်ကုန်ပြီး ကုန်ကျစရိတ် ပိုမိုများပြားသဖြင့် အသုံးပြုမှု နည်းပါးသွားပြီဖြစ်သည်။ထို့ပြင် စပါးစိုက်ပျိုးရာတွင်လည်း ယခင်ကဲ့သို့ ပျိုးထောင်၊ ပျိုးနုတ်ကာ ကောက်စိုက်သမများ ငှားရမ်း၍ စိုက်ပျိုးသည့်စနစ်အစား ထွန်ယက်ပြီးသည်နှင့် စပါးမျိုးစေ့ တိုက်ရိုက်ပက်ကြဲခြင်း သို့မဟုတ် အတန်းလိုက်မျိုးစေ့ချခြင်း (Direct Seeding) စနစ်များကိုသာ အများစု ပြောင်းလဲလုပ်ကိုင်လာကြသည်။ ထို့ကြောင့် ကောက်စိုက်သမ ငှားရမ်းခ ကုန်ကျစရိတ်များ သက်သာသွားသော်လည်း စက်သုံးဆီနှင့် ထွန်ယက်ခ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ကုန်ကျစရိတ် စုစုပေါင်းမှာ ယခင်နှစ်များထက် မြင့်တက်နေဆဲဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။
နေပြည်တော်၌ စက်သုံးဆီနှင့် ဘက်စုံဈေးနှုန်းများ မြင့်တက်မှုကြောင့် ယခုနှစ် စပါးစိုက်ပျိုးစရိတ် နှစ်ဆခန့် မြင့်တက်လာ
Jul 10 • 2:05 AM
Myanmar
Naypyidaw
Share
| 14 | 0 | 0 | 0 |


