မန္တလေးမြို့ရှိ ရိုးရာဝါတွင်းဘုံဆွမ်းလောင်းအသင်းများတွင် ယခင်နှစ်များကကဲ့သို့ လုပ်အားပေးမည့် လူငယ်လူရွယ်များ လာရောက်ခြင်း မရှိတော့သဖြင့် မနက်ပိုင်း ဆွမ်းလောင်းလှူရန် နိုးဆော်ရေးလုပ်ငန်းများ၌ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ယခင်ကထက် စည်ကားမှု လျော့နည်းလာကြောင်း ချမ်းမြသာစည်မြို့နယ်အပါအဝင် ဒေသတွင်း ဆွမ်းလောင်းအသင်းများထံမှ သိရသည်။ ယမန်နှစ်မတိုင်မီကာလများအထိ စည်ကားခဲ့သော်လည်း လက်ရှိတွင် ဒေသတွင်းအခြေအနေမျိုးစုံကြောင့် လုပ်အားပေးလူငယ်ဦးရေမှာ ထက်ဝက်မက လျော့ကျသွားခဲ့ပြီး ဆွမ်းလောင်းအသင်းများတွင် သက်ကြီးရွယ်အို လူကြီးပိုင်းများသာ အများစု ကျန်ရှိတော့သည်။မြန်မာ့ရိုးရာအစဉ်အဆက်အရ ဝါတွင်းသုံးလပတ်လုံးကို ကုသိုလ်ကောင်းမှုပြုရန်နှင့် သီလဆောက်တည်ရန် အထူးကာလအဖြစ် သတ်မှတ်ကာ လူငယ်လူရွယ်များနှင့် လူကြီးများပူးပေါင်း၍ မနက်အရုဏ်တက်ချိန်တွင် ဆွမ်းလောင်းနိုးဆော်ကာ သံဃာတော်များကို အရုဏ်ဆွမ်း လောင်းလှူခဲ့ကြခြင်းဖြစ်သည်။ သို့သော် လက်ရှိကာလတွင် ကြုံတွေ့နေရသည့် ဒေသတွင်းအခြေအနေများနှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုများကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ် (ကျား/မ) အမြောက်အမြားမှာ နေရပ်စွန့်ခွာ၍ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြရသည်။ ဤကဲ့သို့ လူငယ်အင်အား လျော့နည်းသွားမှုကြောင့် ဘုံဆွမ်းလောင်းအသင်းများသာမက ရပ်ကွက်အလိုက် ပရဟိတလူမှုကူညီရေးအသင်းများနှင့် သာရေးနာရေးအသင်းများတွင်လည်း လုပ်အားပေးမည့် ဆယ်ကျော်သက်လူငယ်များ တွေ့ရတော့ခြင်းမရှိဘဲ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။



