ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ကို တရားမဝင် လွှဲပြောင်းရောင်းချခဲ့သည့် YBS (65) ယာဉ်တစ်စီးနှင့် အခြားခရီးသည်တင်ယာဉ်တစ်စီးတို့ကို ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူလိုက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ နိုင်ငံတော်မှ CNG ဓာတ်ငွေ့ကို သက်သာသောဈေးနှုန်းဖြင့် ပံ့ပိုးပေးထားခြင်းဖြစ်၍ YBS ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်လမ်းကြောင်းအတိုင်းသာ ပြေးဆွဲရန် ညွှန်ကြားထားခြင်းဖြစ်သည်။သို့သော် YBS (65) ယာဉ်လိုင်းတံဆိပ် တပ်ဆင်ထားသည့် ယာဉ်အမှတ် (2I-2957) သည် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြို့နယ် ရွာသာကြီးအကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီအဖြစ် ပြေးဆွဲနေသည့်အပြင်၊ မိမိတို့ရရှိသည့် CNG ဓာတ်ငွေ့များကို ယာဉ်အမှတ် (6F-3682) ခရီးသည်တင်ယာဉ်သို့ တရားမဝင် ပြန်လည်ရောင်းချနေကြောင်း တိုင်ကြားချက်အရ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအတွင်း အမှန်တကယ် ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ အဆိုပါ မော်တော်ယာဉ် နှစ်စီးလုံးကို ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။



