ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၁၂ ဦး (အမျိုးသား ၈၇ ဦးနှင့် အမျိုးသမီး ၂၅ ဦး) ကို ထိုင်းအာဏာပိုင်များက ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့သို့ မော်တော်ဘုတ်များဖြင့် ပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့သည်။ ယခုပြန်ပို့မှုသည် ဇူလိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံသား ၉၅ ဦး ပြန်ပို့ခဲ့ပြီးနောက် ခုနစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ပြန်လည်လွှဲပြောင်းခြင်း ဖြစ်သည်။ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးအပ်မှု ၁၁ ကြိမ်အထိ ရှိလာခဲ့ပြီး စုစုပေါင်း ၉၇၂ ဦး ရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံ ရနောင်းဘက်မှ ကော့သောင်းသို့ မြန်မာနိုင်ငံသား လွှဲပြောင်းမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၂၀၀၅ ဦးနှင့် ၂၀၂၅ ခုနှစ်တွင် ၂၀၇၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။



