ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နှင့် စမွတ်ပရာကန်ခရိုင်ရှိ အလှပြင်ဆေးခန်းအဖြစ် တရားမဝင် ပြောင်းလဲဖွင့်လှစ်ထားသည့် နေအိမ် ၂ လုံးကို စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးဘက်ဆိုင်ရာလိုင်စင်မရှိဘဲ Botox နှင့် Filler အပါအဝင် အရေပြားလှပစေသည့် ဆေးဝါးများကို တရားမဝင် ထိုးနှံပေးနေသည့် အမျိုးသမီး ၂ ဦးကို ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ခေါင်ဆော့ (Khaosod) သတင်းအရ သိရသည်။ ဖမ်းဆီးရမိသူများအနက် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးမှာ သက်မွေးပညာသာ ပြီးဆုံးထားသူဖြစ်ပြီး အလှပြင်ဆေးခန်းများတွင် ရရှိခဲ့သည့် အတွေ့အကြုံဖြင့် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက Facebook ပေါ်တွင် ဘတ် ၇၉၀ မှ ၄,၉၉၀ တန် ပရိုမိုးရှင်းများဖြင့် ကြော်ငြာကာ တရားမဝင်ဆေးထိုးနှံပေးခဲ့ရာမှ တစ်လလျှင် ဘတ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ ဝန်းကျင်အထိ ဝင်ငွေရရှိနေသူဖြစ်သည်။ အလားတူ အသက် ၂၅ နှစ်အရွယ် အထက်တန်းဆင့်သာ ပညာသင်ဖူးသည့် အခြားအမျိုးသမီးတစ်ဦးမှာလည်း ဆေးခန်းအတွေ့အကြုံဖြင့် သူငယ်ချင်းများကို အစပြုဆေးထိုးပေးရာမှတစ်ဆင့် လုပ်ငန်းချဲ့ထွင်ကာ ၂ နှစ်အတွင်း တစ်လလျှင် ဘတ် ၃၀,၀၀၀ ဝန်းကျင်အထိ ဝင်ငွေရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အသုံးပြုသည့် ဆေးဝါးများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စီးနင်းမှုအတွင်း တရားမဝင်တင်သွင်းထားသည့် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကာ လက်ရှိတွင် အဆိုပါ ဆရာဝန်အတု အမျိုးသမီး ၂ ဦးစလုံးကို ဆေးရုံများဆိုင်ရာအက်ဥပဒေအရ လိုင်စင်မရှိဘဲ ဆေးကုသမှုပေးခြင်းဖြင့် တရားစွဲဆိုကာ ဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်နှင့် စမွတ်ပရာကန်ရှိ အလှအပဆေးခန်းများကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးပြီး ဆရာဝန်အတု အမျိုးသမီး ၂ ဦးကို ဖမ်းဆီး
Jul 07 • 2:07 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


