တရုတ်နိုင်ငံ၏ ဂြိုဟ်သိမ်မှ ကျောက်သားနမူနာရယူရေး မစ်ရှင်အဖွဲ့ပိုင် ထျန်းဝန့်-၂ (Tianwen-2) အာကာသယာဉ်သည် ကီလိုမီတာ တစ်ဘီလီယံခန့် ခရီးလမ်းကို ရက်ပေါင်း ၄၀၀ ခန့် နှင်ခဲ့ပြီးနောက် ပစ်မှတ်ဂြိုဟ်သိမ် 2016HO3 ၏ ကီလိုမီတာ ၂၀ အကွာအဝေးသို့ အောင်မြင်စွာ ချဉ်းကပ်ရောက်ရှိသွားပြီဖြစ်၍ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် သိရသည်။ အဆိုပါ ထျန်းဝန့်-၂ မစ်ရှင်ကို ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့တွင် စတင်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကြာမြင့်မည့် အာကာသခရီးစဉ်အတွင်း ကမ္ဘာမြေအနီးရှိ ဂြိုဟ်သိမ် 2016HO3 ထံမှ ကျောက်သားနမူနာများ စုဆောင်းကာ ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်ရန်နှင့် အင်္ဂါဂြိုဟ်ထက် ပိုမိုဝေးကွာသည့် 311P ပင်မဂြိုဟ်သိမ်ခါးပတ် ကြယ်တံခွန်ကိုပါ ဆက်လက်စူးစမ်းလေ့လာရန် ရည်မှန်းထားသည်။ လက်ရှိတွင် အာကာသယာဉ်မှ ပေးပို့လာသော မြင်ကွင်းလမ်းကြောင်းပြ အချက်အလက်များနှင့် ဓာတ်ပုံများကြောင့် ယခင်က မြေပြင်အခြေပြု စူးစမ်းလေ့လာမှုသက်သက်ဖြင့် တိကျစွာ မဆုံးဖြတ်နိုင်ခဲ့သည့် ဂြိုဟ်သိမ်၏ တည်နေရာနှင့် လမ်းကြောင်းအမှားအယွင်းများကို ကီလိုမီတာအဆင့်အထိ လျှော့ချကာ အနီးကပ် ချိန်ညှိနိုင်ခဲ့သည်။ ထျန်းဝန့်-၂ အာကာသယာဉ်သည် ခရီးစဉ်အတွင်း လမ်းကြောင်းထိန်းမတ်မှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်တွင် ဂြိုဟ်သိမ်ကို စတင်ရှာဖွေတွေ့ရှိကာ ဇွန်လ ၁၉ ရက်၌ ကီလိုမီတာ ၂,၀၀၀ အကွာအဝေးအထိ ချဉ်းကပ်နိုင်ခဲ့ခြင်းဖြစ်ကာ၊ နောက်တစ်ဆင့်အနေဖြင့် နမူနာစုဆောင်းမည့် လုပ်ငန်းများအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဂြိုဟ်သိမ်၏ အသွင်အပြင်၊ ဒြပ်ဖွဲ့စည်းပုံနှင့် အတွင်းပိုင်းတည်ဆောက်ပုံဆိုင်ရာ အနုစိတ်အချက်အလက်များကို ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ် အာကာသယာဉ် ဂြိုဟ်သိမ် 2016HO3 ထံသို့ အောင်မြင်စွာ ရောက်ရှိပြီး သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုများ စတင်နေ
Jul 07 • 1:43 AM
China
Local News
Share
| 7 | 0 | 0 | 0 |


