မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဈေးကြိုရပ်ကွက်နှင့် သီရီမြိုင်ရပ်ကွက်တို့တွင် ညပိုင်းအချိန်များ၌ လမ်းသွားလမ်းလာ ပြည်သူများထံမှ ဖုန်းလုယက်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းက သီရီမြိုင်ရပ်ကွက်အတွင်း မုန့်ဝယ်၍ စက်ဘီးစီးကာ ပြန်လာသူတစ်ဦးအား ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက ဘေးမှကပ်လိုက်လာပြီး မုန့်အိတ်ထဲ ထည့်ထားသည့် ဖုန်းကို အိတ်လိုက် ဆွဲလုယူမောင်းနှင်ထွက်ပြေးခဲ့ရာ လူဆိုးများသည် ဆိုင်ကယ်ဦးထုပ်အမည်း ဆောင်းထားပြီး မှန်ချထားသဖြင့် မျက်နှာကို မမြင်တွေ့ခဲ့ရကြောင်း ဘေးနားရှိ ဒေသခံတစ်ဦးက ထွက်ဆိုထားသည်။ အလားတူ ဇူလိုင်လ ၁ ရက်နေ့ကလည်း ဈေးကြိုရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီးပေါ်တွင် လမ်းလျှောက်သွားနေသည့် အမျိုးသမီးတစ်ဦး၏ လက်ထဲမှ ဖုန်းကို လူဆိုးများက အတင်းလုယူကာ ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။



