မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါမြို့သစ်ရပ်ကွက်အတွင်းသို့ ဇူလိုင်လ ၅ ရက်နေ့ ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များနှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးပြီး သံဃာတော်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။လေဆင်နှာမောင်းသည် ဘောလုံးကွင်းအနောက်ဘက် ၅ လမ်းမှသည် ၁၁ လမ်းအထိ လမ်းတစ်လျှောက်လုံး ဝင်ရောက်တိုက်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။အဆိုပါ လေဘေးသင့်မှုကြောင့် ကဒါမြို့သစ်ရပ်ကွက်အတွင်းရှိ နေအိမ် စုစုပေါင်း ၉၂ လုံး ပျက်စီးခဲ့ရပြီး ၎င်းတို့အနက် ၈၂ လုံးမှာ အသေးအမွှား ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ပျက်စီးသွားခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ သံဃာတော် ၇ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းအနက် ၂ ပါးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။လတ်တလောတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မော်လမြိုင်မြို့ပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ပေါင်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ်ခြေ ၉၂ လုံးနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့
Jul 06 • 1:45 AM
Myanmar
Mon
Share
| 18 | 0 | 0 | 0 |


