စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ-နဘားလမ်းပိုင်းတွင် လမ်းပိတ်ဆို့မှု ငါးရက်ခန့် ကြာမြင့်လာခြင်းကြောင့် ရာနှင့်ချီသော ကုန်ကားနှင့် ခရီးသည်တင်ကားများ ပိတ်မိနေပြီး ကုန်ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ဒေသခံများထံမှ သိရသည်။ ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ လမ်းပိုင်းပိတ်ဆို့မှုကြောင့် ပန်းများ၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ကွမ်းရွက်နှင့် ကြက်သားပေါက် အပါအဝင် အထားမခံသည့် ကုန်စိမ်းများနှင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး အချို့ကို ကသာမြို့၌ပင် အရှုံးခံချရောင်းခဲ့ရကြောင်း သိရသည်။လက်ရှိတွင် မိုးညှင်းနှင့် မြစ်ကြီးနားဘက်သို့ သွားမည့်ကားများ ကသာမြို့၌ ပိတ်မိနေသကဲ့သို့ ကသာနှင့် ထီးချိုင့်မြို့အကြား လမ်းပိုင်းတစ်ခုတွင်လည်း လမ်းပျက်စီးနေသဖြင့် မန္တလေးဘက်သို့ သွားလာ၍မရဘဲ သောင်တင်နေကြကြောင်း သိရသည်။ ထို့ပြင် နန့်သဲ-မဲဇာ ကားလမ်းပိုင်း၌လည်း အတက်အဆင်း ကားများ ပိတ်မိနေဆဲဖြစ်ပြီး လမ်းခရီးရက်ကြာမြင့်လာမှုကြောင့် ခရီးသွားများနှင့် ကားသမားများမှာ စရိတ်မလောက်ငခြင်း အပါအဝင် စားသောက်နေထိုင်ရေး အထူးခက်ခဲလျက်ရှိကြောင်း သိရသည်။



