ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ လျှပ်စစ်မီးများ မကြာခဏ ပြန်လည်ပြတ်တောက်လျက်ရှိကြောင်း ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့၌ အစောပိုင်းလများက လျှပ်စစ်မီး ပုံမှန်ရရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပြတ်တောက်မှုများ ရှိလာသည့်အပြင်၊ အချို့ရက်များတွင် နံနက်ပိုင်းမှ ညပိုင်းအထိ တစ်နေကုန် နီးပါး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။အဆိုပါ လျှပ်စစ်မီး ပြတ်တောက်မည့်အချိန်ကို ကြိုတင်အကြောင်းကြား အသိပေးခြင်း မရှိသဖြင့် ဒေသခံများ နေ့စဉ်လူမှုဘဝတွင် အခက်အခဲ ဖြစ်ရသည့်အပြင်၊ မီးပျက်သည့် အချိန်များ၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများနှင့် Wi-Fi လိုင်းများပါ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားစနစ် ပြန်လည်ရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။



