ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်း ရေမိုင် ၂၀ တွင် ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်အချိန်ခန့်က ရေယာဉ် ၂ စီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် တွံတေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။အဆိုပါ ရေယာဉ်ချင်း တိုက်မိမှုကြောင့် “ဇော်မြင့်မြတ်(၁)” အမည်ရှိ ရေယာဉ်မှာ ရေအောက်သို့ နစ်မြုပ်သွားခဲ့သည်။ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ရေယာဉ်လုပ်သား ကိုးဦးနှင့် ခရီးသည် ၂၃ ဦး (ကျား ၈၊ မ ၁၅) စုစုပေါင်း ၃၂ ဦးအနက် ၃၁ ဦးကို ဘေးလွတ်ရာသို့ အချိန်မီ ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း ရေယာဉ်လုပ်သား အမျိုးသားတစ်ဦးမှာမူ ပျောက်ဆုံးသွားခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပျောက်ဆုံးနေသူအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သော်လည်း ရှာဖွေမတွေ့ရှိခဲ့သဖြင့် ည ၁၁ နာရီအချိန်တွင် ရှာဖွေရေးလုပ်ငန်းများကို ယာယီရပ်နားခဲ့ကြောင်း သိရသည်။


