အနောက်အာဖရိကရှိ ဆီအာရာလီယွန် (Sierra Leone) နိုင်ငံတွင် အခြေစိုက်ပြီး ဂျပန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ဖုန်းဖြင့် ငွေလိမ်လည်နေသည့် ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင် ၉ ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁ ရက်) တွင် ဖမ်းဆီးလိုက်သည်။ ဂျပန်ရဲတပ်ဖွဲ့အနေဖြင့် အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများကိုသာ အဓိကထား စုံစမ်းစစ်ဆေးလေ့ရှိသော်လည်း ယခုကဲ့သို့ အာဖရိကအခြေစိုက် ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိခြင်းမှာ ထူးခြားဆန်းသစ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးသတင်းမြစ်များအရ အဆိုပါလိမ်လည်သူများသည် ဆီအာရာလီယွန်နိုင်ငံသည် ဂျပန်ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု နယ်ပယ်အပြင်ဘက်တွင် ရှိနေသည်ဟု ထင်မြင်ကာ ယခုကဲ့သို့ အခြေစိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ဖမ်းဆီးခံရသူ ၉ ဦးစလုံးသည် အသက် ၅၀ နှင့် ၇၉ နှစ်ကြားရှိပြီး ၎င်းတို့အားလုံးမှာ ငွေလိမ်ရာတွင် ဖုန်းခေါ်ဆိုသူ (Callers) အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။ ဟျိုဂိုခရိုင် (Hyogo Prefecture) ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက ဆပ်ပိုရိုမြို့ (Sapporo) မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးထံသို့ အိုဆာကာခရိုင် အစိုးရရှေ့နေရုံး ဝန်ထမ်းများအဖြစ် ဟန်ဆောင်ဖုန်းခေါ်ဆိုခဲ့ပြီး၊ ၎င်း၏ ဘဏ်အကောင့်မှာ ငွေလိမ်လည်မှုတစ်ခုတွင် ပါဝင်ပတ်သက်နေသဖြင့် စစ်ဆေးရန်လိုအပ်ကြောင်း လိမ်လည်ပြောဆိုကာ ဂျပန်ယန်း ၅၅ သန်း (အမေရိကန်ဒေါ်လာ ၃ သိန်းခွဲခန့်) ကို လွှဲပြောင်းခိုင်းကာ လိမ်လည်ခဲ့ကြခြင်းဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းတို့ကို စုဆောင်းပေးခဲ့သည့် နောက်ကွယ်မှ ခေါင်းဆောင်များနှင့် ကြိုးကိုင်သူများကို ဆက်လက်ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
Jul 03 • 4:39 AM
Japan
Local News
Share
| 8 | 0 | 0 | 0 |


