ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ အထက်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂျပန်နိုင်ငံတွင် ပညာသင်ဆုရရှိရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဝိပ္ပံဘာသာတွဲ၌ တစ်နိုင်ငံလုံး ပထမရရှိထားသူကို ပညာသင်ဆုပေးရန် ကမ်းလှမ်းထားသလို ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဂျပန်အစိုးရကပေးသည့် ပညာသင်ဆု (MEXT Scholarship) ရရှိရေးအတွက် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပညာသင်ဆု ဝင်ခွင့်ရရှိရန် EJU စာမေးပွဲ ဖြေဆိုရမည်ဖြစ်ရာ အမှတ် ၄၅၀ အထက်ရသူများကို MAJA က ဖွင့်လှစ်သည့် EJU သင်တန်းကြေး အခမဲ့တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဂျပန်ပညာရေးစိတ်ဝင်စားသည့် ထူးချွန်ကျောင်းသားများကို လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။



