ထိုင်းနိုင်ငံ၊ မုခ်ဒါဟာန်ပြည်နယ် မွေအန်းခရိုင် ဘန်နာဆီနွမ်ရွာတွင် ဘုရားဖူးခရီးစဉ်ဖြင့် လမ်းလျှောက်ကြွချီလာသည့် ရဟန်းတော်များအဖွဲ့ကို အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးက ဝင်ရောက်တိုက်မိသဖြင့် ရဟန်းတော် ၈ ပါး ပျံလွန်တော်မူပြီး ဆယ်ပါးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကလေးငယ်၏မိခင်က သားဖြစ်သူ ကားယူမောင်းသွားသည်ကို သိရှိချိန်တွင် အရေးပေါ်ဖုန်းလိုင်းသို့ ချက်ချင်းအကူအညီတောင်းခဲ့သော်လည်း တာဝန်ရှိသူများမရောက်မီ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားပြီး မုခ်ဒါဟာန်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကလေးငယ်မှာ ထိတ်လန့်နေသဖြင့် စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ ဥပဒေအရ ကျွမ်းကျင်သူအဖွဲ့ဖြင့် စနစ်တကျစစ်ဆေးကာ မိဘများကိုလည်း အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရ ရဟန်းတော်များအနက် ၄ ပါးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး အခြားရဟန်းတော်များတွင်လည်း သရက်ရွက်ပေါက်ပြဲခြင်းနှင့် အရိုးကျိုးခြင်းစသည့် ပြင်းထန်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။



