ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အသိပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နေသကဲ့သို့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံသာယာဝပြောရေးကိုလည်း ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်အတွင်း တရုတ်နိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့၏ ဘက်စုံမိတ်ဖက်ဆက်ဆံရေးသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်လှစ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အပြုသဘောဆောင်သည့် အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုနှင့်အတူ ကမ္ဘာ့ဘဏ်၏ ချေးငွေပမာဏ တဖြည်းဖြည်း လျော့နည်းလာခြင်းမှာ ပြည်တွင်းဝယ်လိုအားနှင့် ပူးပေါင်းဆောင်ရွက်မှု အသွင်ကူးပြောင်းလာခြင်းကြောင့်ဖြစ်ပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည့် ဖြစ်ရိုးဖြစ်စဉ်ရလဒ်တစ်ခုသာဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။



