ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန်လတစ်လအတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်များကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ၃ ဦးထက်မနည်း ရှိခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ အဆိုပါ လုယက်တိုက်ခိုက်မှုများသည် ဂျန်မိုင်ကောင် ဝက်ခုံအနီး၊ မန်ခိန်ရပ်ကွက် စနေကျောင်းလမ်းကြားနှင့် ရမ်ပူရပ်ကွက် စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဖြစ်စဉ်များအနက် ဇွန်လ ၂၃ ရက်နေ့က ဂျန်မိုင်ကောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးအား အသိမိတ်ဆွေဖြစ်သူက ခေါင်းကိုရိုက်နှက်၍ ဖုန်းနှင့် ဆိုင်ကယ်များ လုယက်ယူဆောင်သွားခဲ့ပြီး၊ ၂ ရက်အကြာတွင် မလိဇွပ်ဆေးရုံအနီး၌ ၎င်း၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရသည်။ လက်ရှိတွင် သံသယရှိသူအား တွေ့ရှိထားကြောင်း ကြားသိရသော်လည်း အမှုဖွင့်အရေးယူရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်။အလားတူ အခြားဖြစ်စဉ်တစ်ခုတွင် မန်ခိန်ရပ်ကွက်၊ စနေကျောင်းလမ်းကြား၌ နံနက် ၆ နာရီဝန်းကျင်တွင် အလုပ်သွားနေသည့် အမျိုးသမီးတစ်ဦးကို လူငယ် ၃ ဦးက လုယက်တိုက်ခိုက်ခဲ့သဖြင့် ဆိုင်ကယ်လဲကျကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ဆေးရုံတင်ကုသခဲ့သော်လည်း ထိုနေ့ည ၁၁ နာရီဝန်းကျင်တွင် သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
Jul 01 • 6:35 AM
Myanmar
Kachin
Share
| 13 | 0 | 0 | 0 |


