မန္တလေးမြို့သို့ နေ့စဉ်သွားရောက် အလုပ်လုပ်ကိုင်နေရသည့် ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ ဒေသခံအလုပ်သမားများသည် နယ်မြေအခြေအနေအရ လုံခြုံရေး တင်းကြပ်စစ်ဆေးမှုများကြောင့် သွားလာရေး အဆင်မပြေဖြစ်ကာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ကျေးရွာချင်းဆက်လမ်းများအထိ စစ်ဆေးရေးဂိတ်များ ထားရှိကာ လူဝင်ထွက်မှုကို တင်းကြပ်ထားသည့်အပြင်၊ သွားလာခွင့်အချိန်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ကန့်သတ်ထားသောကြောင့် လုပ်ငန်းခွင်အသွားအပြန် ခရီးကြန့်ကြာခြင်း၊ အချိန်မီရွာထဲ ပြန်လည်ဝင်ရောက်ရန် ရုန်းကန်ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်နေကြသည်။ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ ဒေသခံ ၅,၀၀၀ ကျော်မှာ မန္တလေးမြို့သို့ နေ့စဉ်သွားရောက် အလုပ်လုပ်ကိုင်နေရခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ လမ်းခရီး စစ်ဆေးမှုနှင့် အချိန်ကန့်သတ်ချက် အခက်အခဲများကြောင့် အဆိုပါဒေသများမှ အလုပ်သမား အနည်းဆုံး ၅၀၀ ထက်မနည်းမှာ မန္တလေးမြို့ပေါ်သို့ ပြောင်းရွှေ့အခြေချ နေထိုင်မှုများ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။



