လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလတာကာလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်းအထိ ရှာဖွေနိုင်ခဲ့ပြီး ယင်းပမာဏမှာ တစ်နှစ်တာအတွင်း တင်ပို့ရန် လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ပြည့်မီခဲ့ကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ လာအိုနိုင်ငံမှ အဓိကတင်ပို့နေသည့် သီးနှံများတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီလောပီနံမှုန့်နှင့် ကော်ဖီတို့ ပါဝင်သည်။ထို့ပြင် မွေးမြူရေးနှင့် မွေးမြူရေးထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၂၁ သန်း (လျာထားချက်၏ ၄၀ ဒသမ ၆ ရာခိုင်နှုန်း) နှင့် သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၆၄ သန်း (လျာထားချက်၏ ၃၁ ဒသမ ၇ ရာခိုင်နှုန်း) အသီးသီး ရရှိခဲ့သည်။ လတ်တလောတွင် လာအိုနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် အမျိုးအစားပေါင်း ၈၄ မျိုးအထိ တိုးချဲ့တင်ပို့ခွင့် ရရှိထားသည်။လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ဆန်စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များကို ခြောက်သွေ့ရာသီ၌ ပိုမိုစိုက်ပျိုးရန် တိုက်တွန်းနေပြီး၊ စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့များနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများနှင့် သန့်ရှင်းသောစိုက်ပျိုးရေးစနစ်များ အသုံးပြုနိုင်ရေးတို့ကိုပါ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့ပြီး အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရန်အတွက် စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်း၊ တင်ပို့ခွင့်ပြုချက်နှင့် စောင့်ကြည့်ကြပ်မတ်ရေး စနစ်တစ်ရပ်ကိုပါ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
လာအို၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု ၂၀၂၆ ခုနှစ် ပထမ (၅) လအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိ
Jul 01 • 2:06 AM
Laos
Local News
Share
| 13 | 0 | 0 | 0 |


