မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Grifols Biologicals LLC, USA ထုတ် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် ပုံပန်းသဏ္ဌာန်ဆင်တူပြီး IP Specification ဟု ဖော်ပြထားသည့် ဆေးဝါးအတုများ ဈေးကွက်အတွင်း ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့် အများပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ထားသည်။ အဆိုပါဆေးဝါးသည် လူ့သွေးပလာစမာအတွင်းရှိ Albumin ပရိုတင်းဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် သွေးကြောသွင်းဆေးရည်အမျိုးအစားဖြစ်ပြီး အရေးပေါ်နှင့် ပြင်းထန်သော ရောဂါအခြေအနေများတွင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်သာ သွင်းပေးရသည့် ဆေးဝါးဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် IP Specification ဖော်ပြထားသော ဆေးဝါးအတုကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Registration Number) ပါရှိသော ဆေးဝါးစစ်စစ်များကိုသာ ဝယ်ယူအသုံးပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။





