တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီမြို့တွင် ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China Sepaktakraw Open of Lancang - Mekong Cooperation) တွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ငွေတံဆိပ်ဆု ၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ မြန်မာအသင်းသည် သုံးယောက်တွဲ (Women Regu) နှင့် လေးယောက်တွဲ (Women Quadrant) အမျိုးအစားနှစ်ခုလုံးတွင် တရုတ် (A)၊ တရုတ် (B)၊ လာအိုအသင်းတို့နှင့် အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးအစားနှစ်ခုစလုံးတွင် အိမ်ရှင် တရုတ် (A) အသင်းက ရွှေတံဆိပ်နှင့် မြန်မာအသင်းက ငွေတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးခဲ့ကြသည်။မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲမတိုင်မီ ဇွန်လ ၂၁ ရက်မှ ၂၃ ရက်အထိ ဂွမ်ဇူးပြည်နယ် (Guizhou)၊ Huishui County တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China International Sepaktakraw Open 2026) တွင်လည်း လေးယောက်တွဲအမျိုးအစား၌ ရွှေတံဆိပ်နှင့် သုံးယောက်တွဲအမျိုးအစား၌ ကြေးတံဆိပ်ဆု ၁ ခုစီ ဆွတ်ခူးနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းအနေဖြင့် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ပွဲပေါင်း၌ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄ ခုအထိ ရရှိကာ အောင်မြင်မှုမှတ်တမ်းစိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်း တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ၂ ခု ထပ်မံဆွတ်ခူး
Jun 29 • 2:52 AM
Myanmar
Local
Share
| 11 | 0 | 0 | 0 |


