ထိုင်းနိုင်ငံပိုင် ရထားလုပ်ငန်း (SRT) သည် ဇူလိုင်လမှ စက်တင်ဘာလအထိ ပြေးဆွဲပေးမည့် မိုးရာသီအထူးရထားခရီးစဉ် ၉ ခုအတွက် လက်မှတ်များကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီခွဲမှစတင်၍ အဝေးပြေးရထားဘူတာရုံများနှင့် အွန်လိုင်း D-Ticket စနစ်တို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်များကို နာမည်ကြီးခရီးသွားရထားများဖြစ်သည့် KIHA 183 နှင့် SRT Royal Blossom တို့ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး၊ KIHA 183 ရထားဖြင့် ချိုက်ယာဖွန်၊ ဆာရာဘူရီ၊ ပရာကျွတ်ခီရီခန်၊ ကန်ချနာဘူရီနှင့် ချွန်ဘူရီတို့သို့ ညအိပ်ခရီးစဉ် ၅ ခု (ဈေးနှုန်း ၄,၃၉၉ ဘတ်မှ ၄,၆၉၉ ဘတ်) နှင့် နခွန်နယော့သို့ ၁ ရက်တာခရီးစဉ် ၁ ခု (ဈေးနှုန်း ၂,၁၉၉ ဘတ်) ပြေးဆွဲမည်ဖြစ်သည်။ အဆင့်မြင့် SRT Royal Blossom ရထားဖြင့် ဆာရာဘူရီ၊ နခွန်ပထမ်၊ ကန်ချနာဘူရီနှင့် ဖက်ချာဘွန်တို့သို့ အဆင့်မြင့် ၁ ရက်တာခရီးစဉ် ၃ ခု ပြေးဆွဲမည်ဖြစ်ကာ ဈေးနှုန်းအနေဖြင့် ရိုးရိုးတွဲလျှင် တစ်ဦးလျှင် ၂,၅၉၉ ဘတ်နှင့် အဖွဲ့လိုက်တွဲလျှင် တစ်ဖွဲ့လျှင် ၁၅,၉၉၉ ဘတ် ကျသင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် 1690 သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။



