၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂.၃၇ ရာခိုင်နှုန်း ရှိသည်။ ယခုနှစ် စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ကပက(CAE) မှ ကျောင်းသူ မသီရိစိုးဖြစ်ပြီး သိပ္ပံဘာသာတွဲဖြင့် အမှတ်ပေါင်း ၅၆၂ မှတ် ရရှိခဲ့သည်။ တိုင်းနှင့်ပြည်နယ်အလိုက် ဖြေဆိုအောင်မြင်မှုများတွင် မန္တလေးတိုင်းဒေသကြီး၌ ဖြေဆိုသူ ၄၅,၆၃၅ ဦးအနက် ၂၈,၃၉၃ ဦးဖြင့် အောင်မြင်သူအများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ၄၆,၈၈၉ ဦးအနက် ၂၃,၂၀၃ ဦး အောင်မြင်ခဲ့သည်။ အောင်စာရင်းများကို ရဟန်းရှင်လူ ပြည်သူများ သိရှိနိုင်ရန် www.myanmarexam.org နှင့် result.dme.gov.mm ဝက်ဘ်ဆိုက်များအပြင် အင်တာနက်အခက်အခဲရှိသော ဝေးလံသည့်ဒေသများအတွက် မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ကြေညာပေးခဲ့ကြောင်း သိရသည်။





