ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းကာ ဘေးကင်းလုံခြုံမှု မြင့်မားသော နောက်မျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုငယ် (Small Modular Reactors - SMRs) များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို တိုကျိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အရ ဂျပန်နိုင်ငံသည် ယင်း၏နျူကလီးယားလုပ်ငန်းကဏ္ဍမှ ရရှိထားသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာများနှင့် ကျွမ်းကျင်မှုများကို SMR ဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် စိတ်ဝင်စားနေသည့် အခြားနိုင်ငံများသို့ မျှဝေပေးသွားမည်ဖြစ်ပြီး၊ ထိုနိုင်ငံများ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်သော လူသားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးတို့ကိုပါ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။


