ရန်ကုန်မြို့ လူစည်ကားရာ ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့တွင် ကော်ဖီမစ်ပလိန်းတစ်ခွက်လျှင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ အထိ ပေးရပြီး၊ ယင်းသို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ အဆမတန် တိုးမြင့်လာသည့် ဆိုင်ခန်းငှားရမ်းခများကြောင့်ဖြစ်ကြောင်း ဇွန် ၂၅ ရက်တွင် သိရသည်။ ဆိုင်ပိုင်ရှင်များ၏ ပြောပြချက်အရ ယခင်က ကျပ် ၈ သိန်း၊ ၁၀ သိန်းခန့်သာ ရှိခဲ့သော ဆိုင်ခန်းခများမှာ လက်ရှိတွင် ကျပ်သိန်း ၃၀၊ ၄၀ အထိ မြင့်တက်လာကြောင်း၊ ထို့ပြင် စားသုံးသူအများစုမှာလည်း အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားသောက်ဖွယ်ရာများကို အလွန်အကျွံ မမှာယူတော့ဘဲ ကော်ဖီပလိန်းတစ်ခွက်နှင့် မုန့်တစ်ခုလောက်သာ မှာယူ၍ ဆိုင်တွင် ကြာရှည်ထိုင်တတ်ကြသဖြင့် ဝိုင်းပြည့်သော်လည်း ဆိုင်ဝင်ငွေ တွက်ခြေမကိုက်ဖြစ်ကာ ဈေးနှုန်းမြှင့်တင်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဈေးနှုန်းကြီးမြင့်မှုများကြောင့် နေ့စဉ် လက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိသည့် ရပ်ကွက် ပြည်သူများအတွက် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး၊ အချို့သော အခြေခံစားသုံးသူများမှာ ဆိုင်ထိုင်မည့်အစား အိမ်တွင်သာ ကိုယ်တိုင်ဖျော်သောက်သည့် စနစ်သို့ ပြောင်းလဲလာကြသဖြင့် လက်ဖက်ရည်ဆိုင်များအတွက် ရောင်းအား ပိုမိုလျော့နည်းသွားစေနိုင်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။



