ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကစိုက်ပျိုးရေးဒေသတစ်ခုဖြစ်သော ဘက်တမ်ဘန်းပြည်နယ်တွင် ဒေသထွက်သစ်သီးဝလံများကို လူသိများစေရန်၊ တောင်သူများကို ပံ့ပိုးကူညီရန်နှင့် စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း (Agri-tourism) ကို အားကောင်းစေရန်အတွက် လာမည့် ဇူလိုင်လအတွင်း ၁၀ ရက်ကြာ သစ်သီးဝလံပွဲတော်ကို ကျင်းပသွားမည်ဖြစ်သည်။ဘက်တမ်ဘန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး လူးရှန် (Lou Shean) ၏ ပြောကြားချက်အရ အဆိုပါသစ်သီးဝလံပွဲတော်ကို ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်အထိ ပြည်နယ်ခန်းမရှေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း ၃ ရက်ကြာ ဒူးရင်းသီးဗူဖေး (Durian Buffet) အစီအစဉ်ကိုပါ ပူးတွဲထည့်သွင်းသွားမည်ဖြစ်သည်။ ယခုပွဲတော်သည် ဒေသခံစိုက်ပျိုးထုတ်လုပ်သူများအတွက် ၎င်းတို့၏ထွက်ကုန်များကို ခင်းကျင်းပြသရောင်းချရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်စေမည့်အပြင်၊ ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း ဘက်တမ်ဘန်းပြည်နယ်တွင် ၇ ရက်ကြာ သစ်သီးဝလံပွဲတော်တစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ဖူးပြီး၊ ယခုနှစ်တွင်မူ နာမည်ကျော် ဆမ်လော့တ် (Samlot) ဒေသထွက် ဒူးရင်းသီးများအပါအဝင် ပိုမိုစုံလင်သော သစ်သီးဝလံများနှင့်အတူ ပိုမိုကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ပြည်နယ်စိုက်ပျိုးရေးအသိုက်အဝန်းများက အပြည့်အဝပြင်ဆင်ထားကြသည်။


