မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား ၈၀၀ နီးပါးကို ယခု ဇွန်လအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်များအရ ဇွန် ၂၅ ရက်တွင် သိရသည်။ မြန်မာသံရုံးသည် ဇွန် ၄ ရက်မှစတင်၍ သံရုံးလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် နေရပ်ပြန်မည့်သူများ၏ အမည်စာရင်းနှင့် လေယာဉ်ချိန်များကို ထုတ်ပြန်ပေးခဲ့ပြီး ဇွန် ၉ ရက်မှ ၂၄ ရက်အတွင်း Bidar၊ Bukit Jalil၊ Belantik၊ Kemayan၊ Lenggeng၊ Tanah Merah၊ Ajil၊ Beranang၊ KLIA၊ Langkap၊ Pekan Nenas နှင့် Perlis စသည့် စခန်းအသီးသီးမှ မြန်မာလုပ်သားများကို အသုတ်လိုက် ခွဲ၍ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ နေရပ်ပြန်ရန် လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ်ကို ဖမ်းဆီးခံရသူများ၏ ကိုယ်ပိုင်စုဆောင်းငွေ သို့မဟုတ် မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ကျခံရခြင်းဖြစ်ပြီး အချို့သော ကိစ္စရပ်များကိုမူ သံရုံးဘက်က ကူညီဖြေရှင်းပေးခဲ့ကြောင်း၊ ပြစ်ဒဏ်ကျခံရသူ အများစုမှာ မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းတို့ကြောင့် ဖြစ်ပြီး ၎င်းတို့အားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေး၏ အမည်ပျက်စာရင်း (Blacklist) သွင်းထားသဖြင့် သတ်မှတ်ကာလအတွင်း မည်သည့်အကြောင်းနှင့်မျှ မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ပြန်လည်ပို့ဆောင်
Jun 26 • 2:50 AM
Malaysia
Local
Share
| 7 | 0 | 0 | 0 |


