အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနိုက အသင်း၌ အဝါကတ်ထိထားသည့် အဓိကကစားသမားလေးဦးကို ယနေ့ယှဉ်ပြိုင်မည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အနားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။လက်ရှိတွင် အမေရိကန်အသင်းသည် အုပ်စုပထမနေရာကို သေချာပေါက်ရရှိထားပြီးဖြစ်သလို၊ ပြိုင်ဘက် တူရကီအသင်းမှာလည်း အုပ်စုမှ ထွက်ခွာခဲ့ရပြီဖြစ်၍ ယနေ့ပွဲရလဒ်သည် အုပ်စုရပ်တည်မှုကို တစ်စုံတစ်ရာ သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် နည်းပြ ပိုချက်တီနိုက အဝါကတ်ပြစ်ဒဏ်ရှိနေသည့် ကစားသမားများအနေဖြင့် လာမည့် ၃၂ သင်းအဆင့် (ရှုံးထွက်အဆင့်) တွင် ပွဲပယ်ပြစ်ဒဏ်နှင့် မကြုံတွေ့ရစေရန်အတွက် ယခုကဲ့သို့ အနားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။အမေရိကန်အသင်း၌ အဝါကတ်ထိထားသည့် ကစားသမားများမှာ ကွင်းလယ်လူ တိုင်လာအဒမ်စ်၊ တိုက်စစ်မှူး ဘာလိုဂန်၊ နောက်ခံလူများဖြစ်ကြသည့် ခရစ္စရစ်ချတ်စ်နှင့် ရော်ဘင်ဆင်တို့ ဖြစ်ကြသည်။ အဆိုပါ ကစားသမားများအားလုံးကို ယနေ့ပွဲစဉ်တွင် အရန်ခုံ၌သာ ထားရှိမည်ဖြစ်ပြီး ပွဲအတွင်း လူစားဝင်ကစားစေမည့် အစီအစဉ်လည်းမရှိကြောင်း သိရသည်။ ယခုကမ္ဘာ့ဖလားပြိုင်ပွဲ စည်းမျဉ်းအရ အုပ်စုအဆင့်တွင် ရရှိခဲ့သည့် အဝါကတ်များကို ရှုံးထွက်အဆင့်သို့ သယ်ဆောင်ခွင့်မပြုဘဲ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း သိရသည်။
Jun 26 • 1:55 AM
Myanmar
International
Share
| 10 | 0 | 0 | 0 |


