တရုတ်နိုင်ငံတောင်ပိုင်း ပုလဲမြစ်ဝရှိ ရေဝင်လမုတောများအတွင်း၌ အသစ်တွေ့ရှိခဲ့သော ငါးမျိုးစိတ်သစ်တစ်ခု၏ သိပ္ပံအမည်ကို Kpop အမျိုးသမီးဂီတကြယ်ပွင့် (Jennie) ကို အစွဲပြု၍ "Brachygobius jennie" ဟု သတ်မှတ်လိုက်ကြောင်း SCMP သတင်းအရ သိရသည်။ အဆိုပါငါးမျိုးစိတ်သစ်ကို ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက ကွင်းဆင်းရှာဖွေတွေ့ရှိခဲ့သူ အမျိုးသမီးသုတေသီ ကျန့်ကျင်ယန်းက ဓာတ်ခွဲခန်း၌ DNA ဆန်းစစ်မှုများ ပြုလုပ်ကာ မျိုးစိတ်သစ်အဖြစ် အတည်ပြုနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ နာမည်မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ထည်တွင် အနက်နှင့်အဝါ အစင်းကျားများပါရှိပြီး အလျား ၉ မီလီမီတာပင်မပြည့်ဘဲ လူ့လက်သည်းခွံထက် သေးငယ်သည့် ဤငါးလေးကို အမည်ပေးရာတွင် သုတေသီကျန့်က ၎င်း၏ခက်ခဲသော သုတေသနလုပ်ငန်းစဉ်တစ်လျှောက် ဂျန်နီ၏သီချင်းများမှတစ်ဆင့် စိတ်ဓာတ်ခွန်အားများ ရရှိခဲ့သဖြင့် ဂုဏ်ပြုလိုသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုကဲ့သို့ ကမ္ဘာကျော် Kpop ကြယ်ပွင့်များ၏ နာမည်ကို သက်ရှိမျိုးစိတ်များတွင် ဂုဏ်ပြုမှည့်ခေါ်မှုအနေဖြင့် ယခင်ကလည်း Blackpink အဖွဲ့ဝင် လီဆာ (Lisa) ၏အမည်ကို ထိုင်းနိုင်ငံရှိ ရှားပါးပန်းပင်တစ်မျိုးတွင်လည်းကောင်း၊ Stray Kids အဖွဲ့၏အမည်ကို မြန်မာနိုင်ငံ၌ ရှာဖွေတွေ့ရှိသည့် နှစ်သန်း ၁၀၀ ကျော်သက်တမ်းရှိ အင်းဆက်ရုပ်ကြွင်းတစ်ခုတွင်လည်းကောင်း မှည့်ခေါ်ခဲ့ဖူးကြောင်း သိရသည်။



