ယူအေအီးနိုင်ငံ၏ အီတီဟတ်ရထားလိုင်း (Etihad Rail) သည် ပထမဆုံး ခရီးသည်တင်ရထားခရီးစဉ်အတွက် လက်မှတ်များကို ၅၀ ရာခိုင်နှုန်းအထိ အထူးအဖွင့်လျှော့ဈေးဖြင့် ဇွန် ၂၃ ရက်တွင် စတင်ရောင်းချပေးနေပြီဖြစ်သည်။ လာမည့် ဇွန်လID ၃၀ ရက်တွင် အဘူဒါဘီနှင့် ဖူဂျေရာမြို့အကြား ပထမဆုံးအဆင့် အစမ်းပြေးဆွဲမှုကို စတင်မည်ဖြစ်ရာ ယခင်ကားဖြင့်သွားလာချိန်ထက် ၄၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်လာပြီး ခရီးစဉ်တစ်ခုလုံးအတွက် ၁ နာရီနှင့် ၄၅ မိနစ်သာ ကြာမြင့်တော့မည်ဖြစ်သည်။
လက်ရှိ အထူးလျှော့ဈေးနှုန်းများအရ အဘူဒါဘီ-ဖူဂျေရာ လမ်းကြောင်းအတွက် ရိုးရိုးတန်း (Comfort Class) လက်မှတ်ဈေးနှုန်းမှာ ၅၅ ဒါဟမ် (Dh55) မှ စတင်ပြီး အထူးတန်း (Premium Class) မှာ ၁၂၀ ဒါဟမ် (Dh120) ဖြစ်ကာ အီတီဟတ်ရထားလိုင်း၏ ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်သည်။ ယခုခရီးသည်တင်ရထားစနစ်သည် တစ်နိုင်ငံလုံးရှိ စော်ဘွားနယ်အားလုံးကို အဆင့်ဆင့် ချိတ်ဆက်ပြေးဆွဲရန် ရည်မှန်းထားပြီး၊ ဇွန်လကုန်တွင် ဖူဂျေရာလမ်းကြောင်း၊ စက်တင်ဘာလကုန်တွင် ဒူဘိုင်းနှင့် ရှာဂျာလမ်းကြောင်း၊ ဒီဇင်ဘာလကုန်တွင် အဘူဒါဘီအနောက်ပိုင်းလမ်းကြောင်းများနှင့် ၂၀၂၇ ခုနှစ် မတ်လတွင် ရထားလမ်းကွန်ရက်တစ်ခုလုံးကို ရာနှုန်းပြည့် အပြီးသတ်ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်သည်။ စပိန်နည်းပညာဖြင့် ထုတ်လုပ်ထားသော အဆိုပါရထားများသည် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီး အတွင်း၌ Wi-Fi စနစ်၊ အားသွင်းပေါက်များနှင့် အဆင့်မြင့်ဝန်ဆောင်မှုများ ပါဝင်သောကြောင့် ခရီးသည်များအတွက် အလွန်အဆင်ပြေစေမည် ဖြစ်သည်။


