လာအိုနိုင်ငံမြောက်ပိုင်း ရှန်ခွမ် (Xieng Khouang) ပြည်နယ် လုံဆန် (Longxan) ခရိုင်အတွင်းရှိ တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအစိုးရဌာနများ ပူးပေါင်းကာ ရှောင်တခင် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ပြီး၊ ယင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူ လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။အဆိုပါ စီးနင်းမှုအတွင်း အာဏာပိုင်များသည် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လျှပ်စစ်မီးစက်များ၊ မြေတူးစက်များနှင့် ရွှေချက်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများအပါအဝင် အဖိုးတန်ရွှေရိုင်း (Gold Ore) အမြောက်အမြားကိုပါ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူ ၈ ဦးအနက် ၅ ဦးမှာ ဒေသခံ လာအိုနိုင်ငံသားများဖြစ်ပြီး ကျန် ၃ ဦးမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ဖြစ်ကြသည်။ ၎င်းတို့ကို သယံဇာတပစ္စည်းများ တရားမဝင် ခိုးယူထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုတို့ဖြင့် တရားစွဲဆို အရေးယူရန် ဆက်လက်ထိန်းသိမ်းထားသည်။
ပြည်နယ်အစိုးရ တာဝန်ရှိသူများက ယခုကဲ့သို့ တရားမဝင် သတ္တုတူးဖော်ခြင်းများသည် အစိုးရအတွက် အခွန်ဘဏ္ဍာ ဆုံးရှုံးစေရုံသာမက၊ ဒေသတွင်း မြေပြိုမှုများဖြစ်ပေါ်ခြင်း၊ မြစ်ချောင်းများအတွင်းသို့ အဆိပ်သင့်ဓာတုပစ္စည်းများ စီးဝင်ခြင်း စသည့် ပြင်းထန်သော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ဖြစ်ပေါ်စေသဖြင့် နောင်တွင်လည်း ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်ရာ လုပ်ကွက်များကို သတင်းပေးတိုင်ကြားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။


