နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်းမနား-တောင်ညိုလမ်းပေါ်သို့ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရသည်။ဥတ္တရသီရိမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီးရှိ ပုံးတတ်ရိုးမှ ရေလျှံတက်လာကာ ပျဉ်းမနား-တောင်ညိုလမ်းမပေါ်သို့ ရေကျော်လျက် လမ်းပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။အဆိုပါ ရေကျော်ပြီး လမ်းပိတ်ဆို့နေသည့်နေရာသို့ ဥတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်းနှင့် ပန်းတင်အမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာရလွယ်ကူစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



