မကွေးမြို့ သီးနှံစုံရောင်းဝယ်ရေးဈေးကွက်တွင် စမုံနှမ်းနက်နှင့် နှမ်းဖြူဈေးနှုန်းများ ဇွန်လအစပိုင်းကတည်းက ကျဆင်းနေကြောင်း မကွေးမြို့ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းက ပြောသည်။ အရင်က စမုံနှမ်းနက် တစ်တင်းလျှင် ကျပ် ၂၃၀,၀၀၀ ဝန်းကျင်ရှိရာမှ လက်ရှိတွင် ပစ္စည်းအမျိုးအစားအလိုက် တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ ခန့်အထိ ဈေးကျဆင်းသွားသည်။ နှမ်းဖြူသည်လည်း တစ်တင်းလျှင် ကျပ် ၁၄၀,၀၀၀ ရှိရာမှ ယခုအခါ အရည်အသွေးအပေါ် မူတည်၍ ကျပ် ၁၂၀,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။မကွေးတွင် လက်ရှိကာလ၌ မင်းဘူးခရိုင်မှ ရေသွင်းနှမ်းများ ထွက်ရှိနေပြီး၊ မိုးမျှော်စိုက်ပျိုးသည့် ကုန်းနှမ်းများမှာ လာမည့် ဩဂုတ်လကုန်ပိုင်းတွင် စတင်ထွက်ရှိမည်ဖြစ်သည်။ မိုးနှမ်းပေါ်ချိန်တွင် အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်သလို တရုတ်ဘက်က ဝယ်လိုအားများပါက ဈေးပြန်တက်လာနိုင်ကြောင်း ဒေသခံကုန်သည်များက သုံးသပ်သည်။ပြီးခဲ့သည့်နှစ် နှမ်းစိုက်ရာသီက စမုံနှမ်းနက် တစ်တင်းလျှင် ကျပ် ၂၃၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ ဈေးကောင်းရခဲ့သော်လည်း နှမ်းဖြူမှာ တစ်တင်းလျှင် ကျပ် ၁၀၀,၀၀၀ ဝန်းကျင်သာ ရရှိသဖြင့် နှမ်းဖြူစိုက်တောင်သူများ အရှုံးပေါ်ခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် တောင်သူများက ဈေးကောင်းရသည့် စမုံနှမ်းနက်ကိုသာ အဓိကထား အများဆုံး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
| 14 | 0 | 0 | 0 |


