ထိုင်းနိုင်ငံ၌ မိဖုရားကြီး စုသီတာ၏ ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တော်ဝင်စီမံကိန်း ဖောင်ဒေးရှင်းက အသစ်မျိုးပွားလိုက်သည့် ခရမ်းရောင်နှင်းဆီပန်းကို ဘုရင်မင်းမြတ် မဟာဝိဇီရာလောင်ကွန်းက တော်ဝင်အမည် ပေးအပ်လိုက်ကြောင်း သိရသည်။ အဆိုပါ "မိဖုရားကြီး စုသီတာ နှင်းဆီ" ကို ချင်းမိုင်မြို့၊ စုမ်းထောင်ဒေသရှိ အင်ထာနွန် တော်ဝင်စိုက်ပျိုးရေးသုတေသနဌာနခွဲ၌ ၂၀၁၈ ခုနှစ်ကတည်းက စတင်သုတေသနပြု မျိုးပွားခဲ့ခြင်း ဖြစ်သည်။ထိုင်း၌ ယခုနှင်းဆီမျိုးစိတ်သစ်ကို အမပင်အဖြစ် Ocean Song နှင်းဆီနှင့် အဖပင်အဖြစ် Nightingale နှင်းဆီတို့ကို မျိုးစပ်ထားခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၌ တရားဝင် မှတ်ပုံတင်ထားသည်။ ယင်းနှင်းဆီသည် လာဗင်ဒါပန်းရောင်သန်းသည့် နုညံ့သော ခရမ်းရောင်ပွင့်ချပ်များရှိ၍ အခြားနှင်းဆီများနှင့်မတူဘဲ ထူးခြားနေသည့်အပြင် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး ထိုင်းနိုင်ငံ၏ ကုန်းမြင့်ရာသီဥတုနှင့် ကိုက်ညီသောကြောင့် စီးပွားဖြစ် စိုက်ပျိုးနိုင်စွမ်းရှိသည်။ထိုင်းနိုင်ငံ၏ ယခုနှင်းဆီပန်းအသစ် တီထွင်နိုင်မှုသည် နိုင်ငံတကာအဆင့်မီ အလှစိုက်အပင်များ ထုတ်လုပ်နိုင်သည့် ဥယျာဉ်ခြံစိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုကို ပြသနေသည်။ ထို့အပြင် ဘုရင်မင်းမြတ်သည် ယင်းနှင်းဆီပန်းအပြင် ၎င်း၏ ဒုတိယမြောက်သမီးတော်ကို အစွဲပြုထားသည့် "သမီးတော် သီရိဝဏ္ဏဝရီ နဂါးမောက်သီး" မျိုးစိတ်အသစ်ကိုလည်း တော်ဝင်အမည် ပေးအပ်ခဲ့ကြောင်း သိရသည်။



