ပြည်တွင်းဆန်ဈေးကွက်အတွင်း မိုးကာလသို့ ရောက်ရှိလာခြင်းကြောင့် အရောင်းအဝယ်များ အေးလာကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။ နှစ်စဉ် မိုးတွင်းကာလတွင် ဆန်ချောအပါအဝင် ဆန်ကြမ်းအုပ်စုဝင် အားလုံး အရောင်းအဝယ်အေးလေ့ရှိသည့် အစဉ်အလာအတိုင်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။ စပါးဈေးတက်ခြင်းနှင့် ကမ္ဘာ့ဆန်ဈေးမြင့်မားလာခြင်းတို့ကြောင့် ဇွန်လအတွင်း ပြည်တွင်း၌လည်း ဆန်အမျိုးအစားအချို့ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။ လတ်တလောတွင် ဧည့်မထ၊ မနောသုခနှင့် ရက် ၉၀ ဆန်များ ဈေးမြင့်နေသဖြင့် ပြည်ပပို့ကုန်သမားအချို့ အဝယ်ရပ်နားထားကြသလို၊ ပြည်တွင်းစားဆန်ဈေးကွက်၌လည်း အရောင်းအဝယ်အေးနေကြောင်း ရွှေမိုးဆန်ရောင်းဝယ်ရေးပိုင်ရှင်က ဆိုသည်။သို့သော် ယခင်က ဆန်ချောသီးသန့် စားသုံးသူများသည် လက်ရှိတွင် စားကောင်းပြီး ဈေးနှုန်းသက်သာသည့် ဆန်ကြမ်းအမျိုးအစားများနှင့် ရောနှောချက်စားလာကြသဖြင့် လက်လီဈေးကွက်၌ ဆန်ကြမ်းအရောင်းအဝယ်က ပိုကောင်းနေသည်။ လက်ရှိ ရန်ကုန်လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ ဝန်းကျင်၊ ကြားပျံတစ်ပြည်လျှင် ကျပ် ၇,၅၀၀ ဝန်းကျင်၊ ဧရာပဒေသာတစ်ပြည်လျှင် ကျပ် ၉,၀၀၀ ဝန်းကျင်နှင့် ရက် ၉၀ ဆန်တစ်ပြည်လျှင် ကျပ် ၅,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
| 26 | 0 | 0 | 0 |


