စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းပြီး ဥရုချောင်းရေ အဆမတန် မြင့်တက်လာမှုကြောင့် ဟုမ္မလင်း - နမ့်တောသွား ကားလမ်းမပေါ်ရှိ အဓိကကျသော ကွန်ကရစ်တံတားတစ်စင်းမှာ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ရေတိုက်စားကာ ကျိုးပျက်သွားခဲ့သဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးလုပ်ငန်းများ လုံးဝပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ကျိုးပျက်သွားသည့် တံတားသည် ပင်းမခေါ် - နောင်ပိုအောင် - နမ့်တော လမ်းပိုင်းတွင် တည်ရှိပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အဓိကအားထားရသည့် တစ်ခုတည်းသော ကားလမ်းမပေါ်ရှိ တံတားဖြစ်သည်။ လက်ရှိတွင် ကွင်းလမ်းများပါ ရေနစ်မြုပ်နေသဖြင့် ကုန်းလမ်းဖြင့် သွားလာ၍ မရတော့ဘဲ ဒေသခံများအနေဖြင့် စက်လှေများကိုသာ အားပြု၍ ရေလမ်းခရီးဖြင့် သွားလာနေရသည်။ ယခုကဲ့သို့ ရေကြီးမှုဆိုးရွားလာခြင်းမှာ ဥရုချောင်းအတွင်း စနစ်မကျဘဲ ရွှေမျှောတိုက်ခြင်း၊ ကျောက်တူးခြင်းနှင့် မြေစာသွန်ချခြင်းများကြောင့် ချောင်းရေစီးဆင်းမှု ပိတ်ဆို့ကာ သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ နောင်ပါ၊ နောင်ခမ်း၊ နောင်ပိုအောင်စံပြ နှင့် သဖန်းကုန်း အပါအဝင် မြေနိမ့်ပိုင်းကျေးရွာ ၁၁ ရွာခန့်တွင် ဇွန်လ ၁၉ ရက်ကတည်းက ရေဝင်ရောက်နစ်မြုပ်နေပြီး ယနေ့အထိ ရေပြန်မကျသေးပေ။


