ရန်ကုန်ရှိ မြို့နယ်များ၌ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလမ်းမီးများကို ဝယ်ယူကာ အစားထိုးလဲလှယ် တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။လာမည့်နှစ်များတွင် လမ်းမီးလုံးများ ပြုပြင်လဲလှယ်နိုင်ရန် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆက်လက်လျာထားသွားမည်ဖြစ်ပြီး၊ နှစ်စဉ် လမ်းမီးစုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်ကို ဝယ်ယူအစားထိုး တပ်ဆင်ပေးသွားမည် ဖြစ်သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အနေဖြင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လမ်းမီး လုံးဝမရှိသေးသည့် လမ်းများနှင့် အဓိကလမ်းမကြီးများကို ပထမဦးစားပေးအဆင့်အနေဖြင့် တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။



