တောင်ကိုရီးယားနိုင်ငံ၏ ကောက်ခံရရှိသော အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ AI လုပ်ငန်းကဏ္ဍ၏ နည်းပညာဝယ်လိုအား မြင့်တက်လာမှုနှင့်အတူ ဆီမီးကွန်ဒက်တာ (ချစ်ပ်) တင်ပို့မှု အဆမတန် အားကောင်းလာခြင်းကြောင့် ယခုဇွန်လ ၁ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ပြည်ပပို့ကုန်ပမာဏသည် ယခင်နှစ်ကာလတူထက် ၆၀.၄ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။
ကိုရီးယားအကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လပထမရက် ၂၀ အတွင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၎င်းပမာဏသည် ယခင်နှစ်ကာလတူက ရရှိခဲ့သည့် ဒေါ်လာ ၃၈.၆ ဘီလီယံထက် သိသိသာသာ သာလွန်ကာ ပြီးခဲ့သည့် မတ်လက တင်ခဲ့သော သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် (ဒေါ်လာ ၅၄.၃ ဘီလီယံ) ကိုပါ ကျော်လွန်၍ ရက်ပေါင်း ၂၀ အတွင်း ပို့ကုန်ပမာဏ အမြင့်ဆုံးစံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် သွင်းကုန်ပမာဏမှာ ၂၃.၂ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၄၄.၅ ဘီလီယံရှိခဲ့သဖြင့် အသားတင် ကုန်သွယ်မှုပိုငွေ (Trade Surplus) ဒေါ်လာ ၁၇ ဘီလီယံကျော်အထိ ရရှိခဲ့သည်။အဓိကကုန်စည်ကဏ္ဍအလိုက် ကြည့်ပါက မှတ်ဉာဏ်ချစ်ပ် (Memory chips) ဝယ်လိုအား ကြောင့် ဆီမီးကွန်ဒက်တာ တင်ပို့မှုသည် ယခင်နှစ်ထက် ၃ ဆနီးပါး (၁၈၈.၄ ရာခိုင်နှုန်း) သို့မဟုတ် ဒေါ်လာ ၂၅.၅ ဘီလီယံအထိ ခုန်တက်သွားပြီး စုစုပေါင်းပို့ကုန်၏ ၄၁.၂ ရာခိုင်နှုန်းအထိ နေရာယူထားသည်။ ထို့အပြင် မော်တော်ယာဉ်တင်ပို့မှု (၂.၃ ရာခိုင်နှုန်း) နှင့် ရေနံထွက်ပစ္စည်းတင်ပို့မှု (၃၉ ရာခိုင်နှုန်း) တို့လည်း အသီးသီး မြင့်တက်ခဲ့သည်။ နိုင်ငံအလိုက် တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၈၆.၉ ရာခိုင်နှုန်း (ဒေါ်လာ ၁၃ ဘီလီယံ) နှင့် အမေရိကန်သို့ တင်ပို့မှုမှာ ၅၃.၉ ရာခိုင်နှုန်း (ဒေါ်လာ ၁၁.၄ ဘီလီယံ) အထိ မြင့်တက်ခဲ့ပြီး ဗီယက်နမ်နှင့် အီးယူ (EU) ဈေးကွက်များသို့လည်း ပို့ကုန်များ ဆက်လက်တိုးတက်ခဲ့ကြောင်း သိရသည်။


