ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်ရှိ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အဝေးပြေးခရီးသည်တင်ကားကြီးများနှင့် ကုန်ကားများ ရပ်နားကာ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ နံနက်စာစားခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်များ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ဇွန်လ ၂၂ ရက်တွင် သိရသည်။အဆိုပါ ကားကြီးများသည် နေ့စဉ် နံနက်ပိုင်း ကားဝင်ချိန်နှင့် ညနေပိုင်း ကားမထွက်မီအချိန်များတွင် လမ်းမပေါ်၌ အများဆုံးရပ်နားကြလေ့ရှိသည်။ ယင်းအချိန်များသည် ကျောင်းသား/ကျောင်းသူများ ကျောင်းသွားကျောင်းပြန်ချိန်၊ သံဃာတော်များ ဆွမ်းခံကြွချိန်နှင့် ယာဉ်အသွားအလာ ရှုပ်ထွေးချိန်ဖြစ်သည့်အတွက် ပိုမိုအန္တရာယ်များပြားလှသည်။ ကားကြီးများ လမ်းဘေးတွင် ပိတ်ရပ်ထားသည့်အတွက် လမ်းသွယ်များမှ ထွက်လာသည့် ဆိုင်ကယ်နှင့် ကားငယ်များမှာ လမ်းကြောမြင်ကွင်း ကွယ်နေပြီး မလိုလားအပ်သော ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။လက်ရှိတွင် ဟိုပုံးမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းမကြီးအပြင် မွေတော်ဘုရားကြီးရှေ့၊ သီရိမင်္ဂလာလမ်းနှင့် မြို့တွင်းအချို့နေရာများတွင်ပါ ထိုသို့ ကားကြီးများ ရပ်နားမှုများရှိနေပြီး ယာဉ်ကြောကြပ်တည်းမှုများ ကြုံတွေ့နေရသည်။ ဟိုပုံးမြို့တွင် အခြေစိုက်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးသို့ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ခုခန့်ရှိကြောင်း သိရသည်။



