နေပြည်တော်မြို့တွင်းခရီးစဉ် ပြေးဆွဲနိုင်ရန် ရာဇာမင်းခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းသည် EV Bus (လျှပ်စစ်ဘတ်စကား) များဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျိုက်လတ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကြီး၏ နေပြည်တော်တွင် ဈေးနှုန်းသက်သာသော အများပြည်သူသုံး ဘတ်စကားလိုင်းများ ပြေးဆွဲပေးရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ရာဇာမင်းယာဉ်လိုင်းကို နေပြည်တော်၌ EV Bus များဖြင့် ပြေးဆွဲရန် ၂၀၂၃ ခုနှစ် မေ ၂၅ ရက်ကတည်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း စတင်ပြေးဆွဲမည့်ရက်နှင့် လမ်းကြောင်းအသေးစိတ်ကိုမူ မသိရသေးပေ။ လက်ရှိတွင် နေပြည်တော်၌ တော်ဝင်ယာဉ်လိုင်းမှ ဘတ်စကားများဖြင့် လမ်းကြောင်း ၄ ခု၊ ပုဂ္ဂလိကယာဉ်လိုင်း ၃ ခုမှ လိုက်ထရပ်ယာဉ်များဖြင့် လမ်းကြောင်း ၃ ခု နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
Jun 23 • 2:50 AM
Myanmar
Naypyidaw
Share
| 31 | 0 | 0 | 0 |


